Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

Showing posts with label Celebration. Show all posts
Showing posts with label Celebration. Show all posts

Peace One Day 2009

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ နိုင်ငံတွေလဲ ၂၄ နာရီအပစ်အခတ်ရပ်ပီး ငြိမ်းချမ်းရေးနေ့ကို ဆင်နွဲကြဖို့ UN က နိုးဆော်ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….? question

မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။

တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ?

ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ……..

မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP

P.S>> ဒီပိုစ်လေးက မနှစ်က Peace One Day မှာရေးခဲ့တာပါ။ အခုထိ Mission Complete မဖြစ်သေးတဲ့အပြင် အသစ်တင်ဖို့လဲ ငြိမ်းချမ်းမှုအတွက် ကျွန်မရဲ့ခံစားချက်တွေ မျော်လင့်ချက်တွေ တစ်ထပ်ထဲကျနေသေးတဲ့အတွက် ဒီအဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ မဖတ်သေးတဲ့ သူငယ်ချင်း တွေအတွက်တော့ အသစ်ပေါ့နော်...။ ငြိမ်းချမ်းရေးကို လူသားတိုင်းမျောင်လင့်တောင့်တကြပေမယ့် အခုထိ ခရီးမရောက်သေးတာ ရင်နာစရာပဲနော်။ cry သံလွင်ခက်နဲ့ ဂျိုးငှက်ငယ်လေးရေ... အမြန်အိမ်ပြန်လာပါတော့။


Ski Jumping

နယ်ခြားမြေခြားနှင်းမြို့တော်မှာ ရောက်နေတဲ့ ကျွန်မအတွက် ချစ်သူများနေ့ကို တစ်ယောက်ထဲ အခန်းကျင်းလေးထဲမှာ မကုန်ဆုံးချင်တာကြောင့် သူငယ်ချင်းတွေနဲ့ Ski Jumping သွားကြည့်ဖြစ်တယ်။ Winter Sports တွေကို စိတ်ဝင်စားတဲ့ ကျွန်မ ဒီလိုခုန်တာ TV တွေလောက်မှာသာ မြင်ဘူးတာလေ...။ အဲဒါကြောင့် သွားကြည့်ဖြစ်တာပါ။ :) တကယ်ကိုရင်ခုန်စရာ ကောင်းတဲ့ ကစားနည်း တစ်မျိုးပါပဲ။ ကျွမ်းကျင်တဲ့ ကစားသမားတွေရဲ့ ၀မ်းလျားမောက်ပြီး ခုန်ဆင်း (ပျံသန်း)သွားတာ ကြောက်စရာ မကောင်းပဲ အရမ်းကို လှပါတယ်။ လာကြည့်သူတွေအားလုံးကို အားကျစေတဲ့ အပြင်၊ ပျော်ရွှင်ဖွယ်ရာ ရင်ခုန်မှု၊ မဖော်ပြတတ်တဲ့ ခွန်အားတစ်ခုနဲ့ အမြင်သစ်တွေလည်း ဖြစ်စေနိုင်တဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ အတွက် ခံစားမှုတွေ မျှဝေနိုင်ဖို့ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ Video ကိုမျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ဖြစ်ပါစေကွယ်။။။။
အော်ဒါနဲ့ နောက်အခွင့်ကြုံရင် သွားကြည့်နော်။ အထူးသဖြင့် ချစ်သူများနေ့အတွက်တော့ a good leisure activity တစ်ခုဖြစ်တယ်။ ရင်ခုန်သံမြန်ချင်သူတွေ အတွက်ပေါ့။ :) :P

အတောင်ပံနှင့် လူသားများ


ကင်မရာနဲပဲ ရိုက်ဖြစ်လို့ တစ်ယောက်စာပဲ မှတ်တမ်းတင်နိုင်ခဲ့တယ်။



ကစားကွင်း


ဒီနိုင်ငံက လူတွေကစားတယ်


တောင်ထိပ်အပေါ်မှ စတင်အမှတ်




ဘားတန်းရဲ့ အလယ်မှာထိုင်းပြီး ဒိုင်လူကြီးရဲ့ ခရာသံစောင့်နေစဉ်


လမ်းကြောင်းတစ်လျှောက်

ဒီနေရာရောက်တော့ မြေပြင်ကို အရှိန်နဲ့ တောင်အောက်ကို ခုန်တာ.. ပျံနေတဲ့ အတိုင်းပဲ... အရမ်းကို မြန်ဆန်တယ်... ဒီနေရာက စခုန်တာတော့ မရိုက်ခဲ့ရဘူး :(


အရမ်းမြန်တော့ ဒီပျံနေတဲ့ ပုံလေးရအောင် မနဲကြိုးစားလိုက်ရတယ် Sport ကင်မရာ မယူသွားမိလို့ နဲနဲဝါးနေတယ်... ကောင်းကောင်းကြည့်ရင်တော့ မြင်နိုင်မှာပါ :)


လေဟုန်မှာ ပြန်ဝဲနေစဉ်


ပျံသန်းအပြီး မြေပြင်နှင့်စထိစဉ်


လျှောဆင်းလာချိန်.. ခန္ဒကိုယ်ကို ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်မှုက အရေးပါတယ်


အောင်မြင်စွာ ခုန်ဆင်းအပြီး


မိန်းကလေးတွေလဲ ယောကျာင်္လေးတွေလိုပဲ ခုန်နိုင်ကြတယ် အားကျစရာနော်..


သူတို့တွေက စတိုင်များတယ်




လမ်းကြောင်းတစ်လျှောက် အားပေးနေသူများ


ဒိုင်လူကြီး


ခုန်မှတ်ကို တာဝန်ယူမှတ်သားသောသူများ


ဒီလို ခေါင်းလောင်းတွေနဲ့ အားပေးကြတယ်



ကလေးငယ်လေး သူ့ဖုန်းနဲ့ရိုက်ယူနေစဉ်


ခုန်ချအပြီး ကစားသမားများ


တောင်ပေါ်ကို ပြန်ပို့ပေးတယ်

ကားလေးက တောင်ပေါ်နားအထိပဲ ပို့နိုင်တော့ ကိုယ့်ကစား ကရိယာကိုယ်ထမ်းပြီး ခုန်မှတ်စတင်ရာနေရာကို ပြန်သွားရတယ်



အနာဂါတ် ကစားသမားများနဲ့ လက်ရှိခုန်နေသူ


ကစားသမားတွေ တစ်ခုခု ဖြစ်ရင် မြန်မြန်ကု နိုင်ဖို့ Ambulance ကအဆင်သင့် စောင့်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ဘားမှ မဖြစ်ဘူး။

“The person who risks nothing, does nothing, has nothing, is nothing, and becomes nothing. He may avoid suffering and sorrow, but he simply cannot learn and feel and change and grow and love and live.”
Leo F. Buscaglia


Twenty years from now you will be more disappointed by the things that you didn't do than by the ones you did so. So throw off the bowlines. Sail away from the safe harbor. Catch the trade winds in your sails. Explore. Dream. Discover. Mark Twin

Photos and Video by Apprenticeship

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

The Kachin State Day

မနောတေးသံကခုန်တွေနဲ့ ဆင်နွဲနေတဲ့ မနောမြေက ကချင်ပြည်နယ်နေ့ကို လွမ်းမိလို့ ၂၀၀၇ ခုနှစ်တုံးက အိမ်ပြန်တုံးရိုက်ဖြစ်တဲ့ပုံတွေ မျှဝေလိုက်ပါတယ်... အားလုံးပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။


ကချင် အကလေးနဲ့ တီးလုံး

My solute for the anniversary of Kachin State Day
(January 10)

Oh my beloved mother land!

I offer you peace.
I offer you love.
I offer you faithfulness and loyalty.

I see your beauty through streams,
varieties of beautiful flowers, mountains,
people, and beautiful cultures.
I solute those sources in you.

I hear your needs.
I feel your feelings.

So I pray..
Oh my dear God
Great Thanks for the blessings that you have been giving us this far,
give us wisdom so that we can glorify your glory,
give us strength to over come from evils,
Give visions to young generation.

Let our people work together for unity and love.
Let our land has a healthy long life.
Let your blessings be ours.

May God richly bless the Kachin Land on this special day
and the following days.


ကချင် ရိုးရာအိမ်


ရဲစွမ်းသတ္တနဲ့ ပြည့်ဝတဲ့ ကချင်ဒူဝါ :P


မနောစည်သံ တညံညံ မေ့ရင်မှာ ပြုံးရွှင် :D


မနော အကဦးဆောင်သူများ ဆောင်းတဲ့ ခေါင်းဆောင်း


ကချင် အနုပညာ


ချစ်သောအမိမြေ ကောင်းချီးများနဲ့ ပြည့်စေ


ကချင်မောင်းတွေက မနောအကအတွက် အခရာ


ကချင်တီးလုံးတွေက သူတို့တွေနဲ့လိုက်ဖက်တယ်


တူရိယာ အမျိုးမျိုးနဲ့ အတီးပညာရှင်များနဲ့ သီဆိုနေသူများ



ကချင်မလေးတွေ ချစ်စရာတဲ့ :P


ကချင်ယက်ကန်း အလှ


အကရှေ့ဆောင်များ



ချစ်စရာ့ သူ့ကမ္ဘာ


အကကဖို့ တန်းစီနေသူများ ကလေးလူကြီး အားလုံးပျော်ရွှင် ကခုန်တဲ့ပွဲပေါ့


ခခူး လှပျိုများ



လီဆူး လှပျိုများ


လောဝေါ့လပျိုများ ကဖို့တန်းစီနေတုံး လျှက်တပြတ်ရိုက်ချက်


ရ၀မ် လှပျိုများ


ခေတ်ပေါ် ၀တ်စုံများဖြင့်


မနော အကကို အပေါ်စီးမှ ရိုက်ထားပုံ


လှိုင်ဇာ ကချင်ရိုးရာအိမ်

Photos and Vedio by AP
(ဓါတ်ပုံတွေကို လျှက်တပြတ်လိုက်ရိုက်ခဲ့တဲ့ ပုံတွေမို့ သဘာဝအလှများသာ ဖြစ်ကြောင်းပါရှင့် )

Happy Sweet December to you all…..





ပျော်ရွင်ဖွယ်ကောင်းတဲ့ လမြတ် ဖြစ်ပါစေ…။ ခရစ္စမတ်ရောက်ပြီဆိုတာနဲ့ပဲ မသိစိတ်ထဲက ကြည်နူးပျော်ရွင်မှုကို ခံစားရတယ်။ ဒီ post အတွက် Christmas Pictures ဆိုပြီး Google မှာရှာကြည့်လိုက်တော့ အရောင်တောက်ပစုံလင်တဲ့ decoration ရယ်၊ပျော်ပွဲရွင်ပွဲဆင်နွဲ နေတဲ့ပုံတွေရယ်ကပိုများတယ်။ ကျွန်မရှာမိတာတော့ နွားစားခွက်လေးထဲက သခင်ခရစ်တော်ကိုရှာတာ ပုံနဲနဲပဲတွေ့တယ်။ အဲဒါနဲ့အတော်စိတ်မကောင်းဖြစ်သွားတယ်။ ဒီနေ့မြို့ထဲကအပြင်အဆင်တွေလဲ ခရစ္စမတ်အပြင်အဆင်တွေနဲ့ ပြောင်းလဲသွားပြီးမို့ လိုက်ငေးဖြစ်တယ်။ အတူတူပဲ လှပတဲ့ပြင်ဆင်မှုတွေအလယ် သခင်ယေရူက နေရာမရနေပြန်ဘူး။ဒါနဲ့ ကျွန်မကိုယ်ကျွန်မ ပြန်မေးလိုက်တယ် သခင်ခရစ်တော် မွေးဖွားဖို့နေရာပေးခဲ့တဲ့သူ ကျွန်မဖြစ်ပြီလားပေါ့။တကယ်တော့ ခရစ္စမတ်ဟာ လောကီသားတွေ ကိုအပြစ်နွံထဲက ကယ်တင်ဖို့ မွေးဖွားလာတဲ့သခင်ခရစ်တော်ရဲ့မွေးနေ့မြတ်ပါ။ ဒီလိုရာသီမှာအချင်းချင်း မေတ္တာပြတဲ့အနေနဲ့ ခရစ္စမတ်လက်ဆောင်တွေပေးကြတာဟာ သခင်ခရစ်တော်ကျွန်မတို့အားလုံးအတွက် ယူဆောင်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာလက်ဆောင်ကို နမူနာယူပြီး အခြားသူများကိုမေတ္တာပြတဲ့အနေနဲ့ အချင်းချင်းလက်ဆောင် လေးတွေဝေကြတာပါ။ ခရစ်ယာန်ဘာသာရေးပွဲဖြစ်တဲ့ အတွက်ဆင်နွဲရခြင်းရဲ့ အနစ်သာရကို နဲနဲမျှဝေလိုက်ခြင်းပါ။ ကျွန်မတို့အားလုံးသိပီးသားအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ အမှုမဲ့အမှတ်မဲ့
ခရစ္စမတ်ကိုသာ ၀င်ဆင်နွဲနေသူဖြစ်ခြင်းဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ပါဝင်ဆင်နွဲတဲ့ပွဲတော်ရဲ့ အနှစ်သာရလေး ကိုမေ့သွားတတ်ကြတယ်နော်....... :(

The Redneck Christmas Tree













ခရစ္စမတ် သစ်ပင်လုပ်ဖို့ Fund လိုနေတဲ့လူတွေသူငယ်ချင်းတွေအတွက် :P
ကျောင်းကသူငယ်ချင်း FW လုပ်လာတဲ့ ပုံတွေပါ။ Good ideas now?

ဒီလိုအားလုံးဝမ်းမြောက်ဝမ်းသာတဲ့ ဒီလကိုပဲ The World Health Organization (WHO) အဖွဲ့ကမျော်လင့်ချက်ကင်းမဲ့နေတဲ့ AIDS ဝေဒနာရှင်များနေ့အဖြစ် ၁၉၈၈ ကတည်းက သတ်မှတ်ကျင်းပခဲ့တာ ဒီနှစ်ဆိုရင် အနှစ် ၂၀ ရှိပြီးဖြစ်ပါတယ်။ အချိန်အနှစ် ၂၀ ကြာလာတာနဲ့အမျှ ၂၀၀၇ မှာ WHO ရဲ့ကောက်ယူခဲ့တဲ့ စရင်းအရ ကမ္ဘာတစ်ဝန်းးမှာ AIDS ဝေဒနာရှင်ပေါင်း ၃၃ သန်းကျော်က ဒီရောပါနဲ့ အသက်ရှင်နေရပြီးဖြစ်ကြောင်း WHO ရဲ့စစ်တမ်းအရ သိရှိရပါတယ်။ ဒီရောဂါဝေဒနာဆိုးကြီးပြန့်ပွားလာတာနဲ့အမျှ ဝေဒနာရှင်များကို ကူညီပံ့ပိုးရေး NGOs နဲ့ နိုင်ငံအသီသီက အစိုးရတွေလဲ အရေးတယူဆောင်ရွက်ကူညီနေကြပါပီ။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်းအခုထိ သုတေသီများအနေဖြင့် ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးရှာမတွေ့သေးပါ။ တင်ကြိုကာကွယ်ရန်မှတပါး အခြားနည်းမရှိသေးတဲ့အတွက် အားလုံးလဲသတိနဲ့ မိမိကိုယ်ကိုကာကွယ် ကြရဖို့သာကျန်ပါတယ်။ သွေးအချင်းချင်းနဲ့ ခန္ဒာကိုယ်က ထွက်တဲ့အရည်အချင်းချင်း မထိတွေ့မိဖို့တော့ အရေးကြီးပါတယ်။ ကာမဆက်ဆံခြင်းနဲ့၊ သွေးသွင်းခြင်း၊ မသန့်တဲ့ ဆေးထိုးအပ်တွေ ကတဆင့်ကူးဆက်မှု အမြန်ဆုံးဖြစ်တဲ့ အတွက် တစ်ခဏတာ သာယာမှုအပေါ်အလေမလိုက်မိဖို့နဲ့ သန့်စင်သောဆေးထိုးအပ်နဲ့ သွေးများကို သာသွင်းမိစေဖို့တော့ အထူးဂရုပြုသင့်ပါတယ်။ အိမ်ထောင်မတည်ခင် ဆေးစစ်ခြင်းနဲ့၊ အိမ်ထောင်တည်များအနေနဲ့ တစ်ဦးပေါ်တစ်ဦး သစ္စာရှိစွာပေါင်းသင်းဖို့ အလွန်ပင်အရေးကြီးပါတယ်။


ဒီလိုသတိနဲ့နေဖို့ပြောတဲ့ အခါ AIDS ဝေဒနာရှင်များကို ရှောင်ဖယ်သွားဖို့မဟုတ်ပါဘူး။ အမှန်တော့ ဝေဒနာရှင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအများကြီးလိုပါတယ်။ မိသားစုသူငယ်ချင်းတွေရဲ့ နားလည်ဖေးမမှုတွေ ကသူတို့အတွက်အားပါ။ AIDS ဝေဒနာရှင်များနဲ့ အတူနေထိုင်စားသောက်ခြင်းအားဖြင့် ရောဂါမကူးနိုင်ပါ။ အားလုံးသိ ပြီးသားဖြစ်မှာပါ။အကျဉ်းချုပ်အနေနဲ့သာသင်ပြလိုက်ပါတယ်။ AIDS အကြောင်းပိုသိလိုသူများ ဒီမှာ
Click ပါ။ မြန်မာပြည် AIDS တစေ့တစောင်းကိုတော့ မအိခင်ရေးသားထားပါတယ်။ စိတ်ဝင်စားတဲ့ သူများသူ့ဘလောက် (ဒီ post) လေးကိုဖတ်ကြည့်ပါ။


Reference: The World Health Organization (WHO)
Baby Jesus picture from here.

သူငယ်ချင်းတွေအားလုံး ဒီခရစ္စမတ်မှာ သခင်ခရစ်တော် ကျွန်မတို့အတွက်ယူဆောင်လာတဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း ဆုကျေးဇူးများနဲ့အတူ သူငယ်ချင်းတွေမျော်မှန်းထားတဲ့ ဘ၀မှတ်တိုင်တွေကိုလဲရရှိ နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

ဆက်လက်ကြိုးစားပါအုံးမည်..
Apprenticeship

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)