Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

မစားဖြစ်ခဲ့တဲ့ အချစ်လှေငယ်လေး

လာမကြိုဖို့ အတန်တန်မှားထားတာမို့ အိမ်သားတွေရော သူငယ်ချင်းတွေပါ မည်သူမျှ လေဆိပ်မှာ ရှိမနေပါ။ ဒါပေမယ့် အမိမြေကို ခြေချလိုက်တယ်ဆိုတဲ့ အသိလေးတင်ပဲ နွေးထွေးလန်းဆန်းမှုနဲ့အတူ ဘယ်လိုမှ တိုင်းတာလို့မရတဲ့ ပျော်ရွင်မှုကို ခံစားလိုက်ရတယ်။ အမိနိုင်ငံဆိုတဲ့ ခံစားမှုက နှလုံးခုန်သံကို မြန်စေခဲ့တာ အမှန်ပဲ။ ကြောက်ရွံမှုနဲ့ အမောဆို့နေတဲ့ နှလုံးခုန်သံမဟုတ် ကျေနပ်ပီတိကြောင့် ဖြစ်လာတဲ့ နှလုံးစည်းချက်။ အဲဒီတော့မှပဲ အမိမြေကို ဘယ်လောက်တောင် လွမ်းဆွတ်နေမှန်း ကိုယ့်ကိုကိုယ် သတိထားမိသွားတယ်။

ဒါပေမယ့် လေယာဉ်လေးငါးစင်းလောက်နဲ့ ခြောက်သွေ့နေတဲ့ ရန်ကုန်လေဆိပ်ကြီး အတွက်တော့ တကယ် စိတ်မကောင်းဖြစ်သွားတယ်။ သူများနိုင်ငံတွေရဲ့ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာ ၅-၈ မိနစ်ခြား တစ်ခါလောက်တစ်ခါ လေယာဉ်ထွက်နေတဲ့ လေယာဉ်တန်းရှည်တွေရှိနေချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံတကာ လေဆိပ်မှာတော့ ပြည်တွင်း လေယာဉ် ၃ စင်းနဲ့ စင်ကာပူ ထိုင်းတွေက လေယာဉ်နှစ်စင်းသာ ရှိတယ်လေ…..။

လန်းဆန်းမှုတော့ ပျောက်ကွယ်မသွားဘူး။ နှစ်ရက်သာ လေယာဉ်စီးလို့ ပင်ပန်းလာတဲ့ စိတ်တွေအစား အိမ်မှာ အသင့်စောင့်နေမယ့် အိမ်သားတွေနဲ့ လာစောင့်နေမဲ့ သူငယ်ချင်းတွေအတွက် နိုးကြားနေတာပေါ့။ စကားတွေ တ၀ကြီးပြောကြမယ်။ ပါလာတဲ့ လက်ဆောင်လေးတွေ ဝေမယ်။ နောက်နေ့တွေမှာတော့ ရန်ကုန်မှာ လုပ်ရမဲ့ ကိစ္စ၀ိတ်စလေးတွေကို ပြတ်အောင်လုပ်မယ်။ မပြန်ခင်ကတည်းက သွားဖို့ စိုင်းပြင်းထားတဲ့ နေရာလေးတွေ သွားမယ်။ ရန်ကုန်မှာ တစ်ပတ်လောက်ပဲ အချိန်ရှိတာလေ….။

အဲဒီတစ်ခေါက် အိမ်ပြန်တုန်းက လုပ်ချင်တာတွေလုပ်ဘို့ ခရီးတစ်ခုလုံးအတွက် ခုနှစ်ပတ်လောက်ပဲ အချိန်ရတယ်။ ရတဲ့ အချိန်ကလေးတွေတော့ အပြည့်အ၀ အသုံးချဖြစ်တယ်လေ။ ဆရာအတတ်သင် ကျောင်းလေးတစ်ခုမှာ လေးပတ် စာဝင်သင်ဖို့ မြန်မာပြည်မပြန်ကတည်းက ပြောထားပြီးးသားမို့ အဲဒီနေရာကို သွားရမယ်။ သွားရမယ့် ခရီးတွေ မဆက်ခင် အမေနဲ့ မြစ်ကြီးနားမှာရှိတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အရင်သွားတွေ့ဖြစ်တယ်။

သုံးရက်လောက်ပဲ အချိန်ရတာပါ။ သူငယ်ချင်းတစ်ယောက်က တွေ့ဆုံမှု အမှတ်တရအနေနဲ့ အသစ်ဖွင့်ထားတဲ့ စာသောက်ဆိုင်မှာသွားစားဖို့ ခေါ်လို့လိုက်သွားရင် မစားဖြစ်ခဲ့တဲ့ အချစ်လှေနဲ့ ကြုံရတာပါ…..။ စားသောက်ဆိုင်လေးက ကျွန်းသားရောင်လက်လက် ပရိဘောဂတွေနဲ့ မြန်မာဆန်ဆန် အပြင်အဆင်လေးတွေမို့ စိတ်ထဲမှာ နွေးထွေးမှု ရသွားတာ အမှန်ပဲ။ ဆိုင်ထဲရောက်တော့ ကိုးနှစ်လောက်ရှိမဲ့ ကလေးငယ်တစ်ယောက်က menu စာအုပ်တွေ လာပေးတယ်။ စားပွဲထိုးလေးက အတော်ငယ်မှန်း သတိထားမိပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်သား လက်ဝင်စော့တာ ဖြစ်လိမ့်မယ်လို့တွေးပီး စိတ်သက်သာသွားတယ်။ Menu ပေးတာလောက်တော့ အပန်းမကြီးဘူးလေ။ ကလေးငယ်ကို ကျေးဇူးတင်စကားဆိုပြီး ဆိုင်ကိုလဲ ပထမဆုံး အကြိမ်ရောက်တာမို့ သူငယ်ချင်းတွေက ကောင်းတယ်ဆိုတဲ့ မြေအိုးခေါက်ဆွဲနဲ့ အချစ်လှေငယ် ဆိုတဲ့ ice-cream လေးကို မှာလိုက်တယ်။

စောင့်နေရင်း မတွေ့တာကြားပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ စကားဖောင်ဖွဲ့နေခဲ့တာ ခုနသူငယ်လေးက နောက်ထပ် သူ့အရွယ်ကလေးငယ် စားပွဲထိုးတစ်ယောက်နဲ့အတူ စားစရာတွေ ပြန်လာချတဲ့အခါတော့ ကျွန်မ စကားမဆက်နိုင်တော့ဘူး။ အရပ်တွေက စားပွဲထက် တစ်ပေလောက်သာ ပိုရှည်တာလေခေါက်ဆွဲပူပူကို မမှီမကန်း လာချပေးနေတဲ့ ကလေးငယ်ကို ဒီနေ့အထိ မျက်စိထဲက မထွက်ဘူး။ ဒီကလေးတွေ စားပွဲထိုးလုပ်နေကြတာ သေချာနေပြီလေ။ ကျွန်မတကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ သူငယ်ချင်းတွေတော့ စားစရာတွေရောက်လာပြီမို့ စားတော့တာပေါ့။

ပိုပြီး စိတ်မကောင်းဖြစ်သွားတာက သူတို့လေးတွေအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အနေအထားမှာမို့ပါ။ စွန့်အသလိုဖြစ်သွားတဲ့ ကျွန်မကို သူငယ်ချင်းတွေက စားပါ…။ အထူးအဆန်းကြီးမလုပ်နဲ့။ ကဲမနေနဲ့။ နင်အခုမှ ပြန်ရောက်လို့ပါ ဒီအရွယ်တွေကသာ ဆိုင်တိုင်းလိုလိုမှာ လုပ်နေတာတဲ့။ ရန်ကုန်မှာ စားသောက်ဆိုင်တွေ သွားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ငယ်တဲ့ စားပွဲထိုးတော့ မဟုတ်ဘူး။ လဖက်ရည်ဆိုင်တွေကလွဲရင်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျွန်မသတိထားမိတယ် မန္တလေး ဒန်ပေါက်ဆိုင်မှာ သွားဝယ်တော့လည်း သနပ်ခါး အဖွေးသား လိမ်းထားတဲ့ ကလေးငယ်တွေက တစ်ဆိုင်လုံးကို တာဝန်ယူ စီမံနေတာလေ....။

ကျွန်မစိတ်က သူတို့လေးတွေ စီစဉ်ပေးတဲ့ အစားအသောက်တွေကို မြိန်ရည်ရှက်ရည် စားနိုင်ဖို့ ဘယ်လိုမှ ခွင့်မပြုဘူး။ အဖြေမရနိုင်တဲ့ မေးခွန်းပေါင်းများစွာအတွက် စိတ်ပျက်စွာနဲ့ပဲ ဆက်မေးနေလိုက်တယ်။ ဒီလို ပညာသင်ချိန်တွေမှာ အရွယ်နဲ့မလိုက် အလုပ်ဝင်လုပ်နေရတဲ့ ကလေးငယ် ဘယ်လောက်များ အမိမြေမှာရှိလဲ? မင်းနဲ့ ငါတို့နဲ့ သွေးသားမတော်စပ် (မောင်နှမ/သားသမီးတွေ) မဟုတ်တာနဲ့ပဲ ပေါ့ပေါ့လေးတွေး ဘာမှမဖြစ်သလို ဟန်ဆောင်နေရမှာလား? ဆင်းရဲသားတွေကို ပျင်းလို့ ဆင်းရဲတယ်၊ အလွယ်လိုက်တယ်လို့ ပြီးစလွယ်တွေးပြီး မျက်နှာလွဲထားရမှာလား? ဒီကလေးတွေရဲ့ အနာဂတ်က ဘာတွေလဲ? အသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရက ဘာတွေလဲ ?????? မေးခွန်းပေါင်းများစွာအတွက် အဖြေရှာရင်း မစားခဲ့တဲ့ အချစ်လှေငယ်လေးပေါ့။

အချစ်လှေငယ်
မြေအိုးခေါက်ဆွဲ
အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်။


ကိုလင်းထက်ရေ.. ပထမဆုံးတွေ ရေးပေးရမယ် ဆိုလို့ သွားကြည့်တာ ကိုလင်းထက်ရဲ့ပထမဆုံး အတော်များများကို ဒီနေ့ထိမလုပ်ဖူးတာတွေ များနေလို့ ဒီ post ရေးပေးလိုက်ပါတယ်.. ရေးပေးဖို့နောက်ကျသွားတာ ကိုတော့ နားလည်ပေးမယ်ထင်ပါတယ်.. အားလုံးလဲ AP လိုပထမဆုံးတော့ မကြုံရပါစေနဲ့နော်.. :D :P
Photo by Me(AP)

ကမ္ဘာ့လူသားများ ငြိမ်းချမ်းရေး ရရှိပါစေ...

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….?

မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။

တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ?

ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ…….. မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP
ငြိမ်းချမ်းရေး သေနတ်ပစ်ခတ်ကြပါစို့:D
Photo by me(AP)
You are the Reason

Edit လုပ်ပေးတဲ့ ကိုရင်ညိန်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဒီလိုမဖြစ်ရ လေအောင် :D :P :)

ကြိုဆိုပါတယ်

အာဖရိကတိုင်းပြည်တစ်ခုမှာ NGO အလုပ်သွားလုပ်တဲ့ အမေရိကန် တစ်ယောက်က သူနေထိုင်မဲ့ နေရာသစ်လေးဆီ ကားအပြည့် တင်ထားတဲ့ သူ့ပစ္စည်းတွေကိုချ နေချိန်မှာ သူ့အိမ်းနီးနားချင်း တွေက တစ်ယောက်ပီး တစ်ယောက်ထွက်လာပီး ကျွန်တော့ကို မီးခြစ် ငှားလို့ရမလား ကျွန်မကို လွှငှားလို့ ရမလားနဲ့ အမျိုးမျိုး လားငှားကြတယ်တဲ့။

အမေရိကန်ကြီးကလည်း စစချင်းတော့ အင်းငါ ဒီဟာလေးတွေ ချပီးရင်ငှာပေးပါ့မယ် ပစ္စည်းလေးတော့ ပီးအောင်ချခွင့်ပေးပါလို့ တစ်ယောက်ပီး တစ်ယောက်ပြောသတဲ့။ ဒါပေမဲ့ လာငှားတဲ့ လူများလာတော့ စိတ်ထဲမှာတော့ ဘယ်နဲ့ ဒီလောက်တောင် အလိုက်မသိတဲ့ လူတွေ။ ကူမယ်တော့မရှိဘူးပေါ့ …..။ ဒါပေမဲ့ နောက်ကျမှ အမေရိကန်ကြီး ပြန်လေ့လာမိတာက အဲဒီလို ပစ္စည်းလာငှားတာဟာ သူတို့ ဓလေ့ထုံးတမ်းအရ ဆိုရင် လူသစ်ကို ကြိုဆိုတဲ့ သဘောတဲ့..။ ပြောချင်တာက နင်လိုရင်လဲ ငါတို့ဆီက ယူလို့ရတယ်ပေါ့….။ အဲဒီ ဓလေ့တော့ ချစ်စရာလေးနော် …. :D :P


လူယဉ်ကျေးတွေ
တစ်ခါတုံးက အီဂျစ်တိုင်းပြည်ကို ည၂ နာရီမှာ ခရီးသွားရင်း ရောက်လာတဲ့ Dutch လူမျိုးတစ်ယောက်ကို အီဂျစ်အိမ်ရှင်က Tea သောက်အုံးမှာလားလို့မေးသတဲ့။ Dutch ကြီးကလဲ အားနာနာနဲ့ သောက်မယ်ပေါ့။ မထူးတော့တာမို့ အိမ်ရှင်ကြီးက ပြင်ပေးရတာပေါ့..။ ဒါပေမဲ့ စိတ်ထဲကတော့ ဒီလောက်တောင် အထာမသိတဲ့လူဆိုပီး Tea ကြီးကို တစ်အား ခေါက်နေလိုက်တယ်တဲ့..။ ဧည့်သည်ကိုလဲ တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်နဲ့ အဲဒီည မိုးလင်းသွားပါသတဲ့..။ မိုးလင်းတော့ သူ့အီဂျစ်သူငယ်ချင်းကို ပြန်ပြောပြပီး ဒီ Dutch ကြီးက ငတုံးကြီး ည၂ နာရီကို Tea သောက်ဖို့ခေါ်တာ သောက်တယ်ဗျာ… Dutch ကြီးကလဲ ဒီအိမ်ရှင် အလိုက်မသိဘူးကွာ… ညကြီးမင်းကြီး Tea သောက်ဖို့ ခေါ်တယ်လို့ပြန်ပြောသတဲ့..။

မှတ်ချက်။ ။ဧည့်သည်လာရင် Teaနဲ့ဧည့်ခံတာ အီဂျစ်ဓလေ့… Dutch တွေမှာတော့ အိမ်ရှင်က ကျွေးမွေးတာမစားရင် ရိုင်းတာတယ်တဲ့။

လာလာ အတူပြောမယ် ဒို့… စကား :D

စာသင်နှစ် အစမှာ နိုင်ငံတစ်ကာနဲ့ အမေရိကန်ကျောင်းသားတွေ အားလုံးပါဝင်တဲ့ ဒီလို အခန်းမှာ နိုင်ငံခြားနဲ့ အမေရိကန်ကျောင်းသား တွေတွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးတဲ့ အချိန်မှာ အမေရိကကို အခုမှရောက်လာတဲ့ Pilipino တစ်ယောက်က သူ့အတွက်တော့ ဘာသာစကားက အခက်ခဲဆုံးပဲလို့ပြောတယ်။ တစ်ချို့ အမေရိကန်တွေက သူစကားပြောတာလဲ အရေးမပေးကြောင်း ပြောပါတယ်တဲ့။ အဲဒီတော့ အမေရိကန်ကျောင်းသူ တစ်ဦးထပြောတာတော့ ဟုတ်တယ် အမေရိကန်တွေရော နိုင်ငံတစ်ကာ ကျောင်းသားတွေပါ စကားပြောရင် ဖြေးဖြေး ပြောကြရင် ကောင်းမယ်။ ငါလဲ သူပြောတာ နားလည်သလိုလိုသာ နေရတာ သူပြောတဲ့ အထဲက ၅% ပဲ နားလည်တယ်တဲ့..။ ကဲ... ကောင်းကြသေးရဲ့လား :D :P

မှတ်ချက်။ ။စာသင်ခန်းမှာ တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)