လာမကြိုဖို့ အတန်တန်မှားထားတာမို့ အိမ်သားတွေရော သူငယ်ချင်းတွေပါ မည်သူမျှ လေဆိပ်မှာ ရှိမနေပါ။ ဒါပေမယ့် အမိမြေကို ခြေချလိုက်တယ်ဆိုတဲ့ အသိလေးတင်ပဲ နွေးထွေးလန်းဆန်းမှုနဲ့အတူ ဘယ်လိုမှ တိုင်းတာလို့မရတဲ့ ပျော်ရွင်မှုကို ခံစားလိုက်ရတယ်။ အမိနိုင်ငံဆိုတဲ့ ခံစားမှုက နှလုံးခုန်သံကို မြန်စေခဲ့တာ အမှန်ပဲ။ ကြောက်ရွံမှုနဲ့ အမောဆို့နေတဲ့ နှလုံးခုန်သံမဟုတ် ကျေနပ်ပီတိကြောင့် ဖြစ်လာတဲ့ နှလုံးစည်းချက်။ အဲဒီတော့မှပဲ အမိမြေကို ဘယ်လောက်တောင် လွမ်းဆွတ်နေမှန်း ကိုယ့်ကိုကိုယ် သတိထားမိသွားတယ်။
ဒါပေမယ့် လေယာဉ်လေးငါးစင်းလောက်နဲ့ ခြောက်သွေ့နေတဲ့ ရန်ကုန်လေဆိပ်ကြီး အတွက်တော့ တကယ် စိတ်မကောင်းဖြစ်သွားတယ်။ သူများနိုင်ငံတွေရဲ့ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာ ၅-၈ မိနစ်ခြား တစ်ခါလောက်တစ်ခါ လေယာဉ်ထွက်နေတဲ့ လေယာဉ်တန်းရှည်တွေရှိနေချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံတကာ လေဆိပ်မှာတော့ ပြည်တွင်း လေယာဉ် ၃ စင်းနဲ့ စင်ကာပူ ထိုင်းတွေက လေယာဉ်နှစ်စင်းသာ ရှိတယ်လေ…..။
လန်းဆန်းမှုတော့ ပျောက်ကွယ်မသွားဘူး။ နှစ်ရက်သာ လေယာဉ်စီးလို့ ပင်ပန်းလာတဲ့ စိတ်တွေအစား အိမ်မှာ အသင့်စောင့်နေမယ့် အိမ်သားတွေနဲ့ လာစောင့်နေမဲ့ သူငယ်ချင်းတွေအတွက် နိုးကြားနေတာပေါ့။ စကားတွေ တ၀ကြီးပြောကြမယ်။ ပါလာတဲ့ လက်ဆောင်လေးတွေ ဝေမယ်။ နောက်နေ့တွေမှာတော့ ရန်ကုန်မှာ လုပ်ရမဲ့ ကိစ္စ၀ိတ်စလေးတွေကို ပြတ်အောင်လုပ်မယ်။ မပြန်ခင်ကတည်းက သွားဖို့ စိုင်းပြင်းထားတဲ့ နေရာလေးတွေ သွားမယ်။ ရန်ကုန်မှာ တစ်ပတ်လောက်ပဲ အချိန်ရှိတာလေ….။
အဲဒီတစ်ခေါက် အိမ်ပြန်တုန်းက လုပ်ချင်တာတွေလုပ်ဘို့ ခရီးတစ်ခုလုံးအတွက် ခုနှစ်ပတ်လောက်ပဲ အချိန်ရတယ်။ ရတဲ့ အချိန်ကလေးတွေတော့ အပြည့်အ၀ အသုံးချဖြစ်တယ်လေ။ ဆရာအတတ်သင် ကျောင်းလေးတစ်ခုမှာ လေးပတ် စာဝင်သင်ဖို့ မြန်မာပြည်မပြန်ကတည်းက ပြောထားပြီးးသားမို့ အဲဒီနေရာကို သွားရမယ်။ သွားရမယ့် ခရီးတွေ မဆက်ခင် အမေနဲ့ မြစ်ကြီးနားမှာရှိတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အရင်သွားတွေ့ဖြစ်တယ်။
သုံးရက်လောက်ပဲ အချိန်ရတာပါ။ သူငယ်ချင်းတစ်ယောက်က တွေ့ဆုံမှု အမှတ်တရအနေနဲ့ အသစ်ဖွင့်ထားတဲ့ စာသောက်ဆိုင်မှာသွားစားဖို့ ခေါ်လို့လိုက်သွားရင် မစားဖြစ်ခဲ့တဲ့ အချစ်လှေနဲ့ ကြုံရတာပါ…..။ စားသောက်ဆိုင်လေးက ကျွန်းသားရောင်လက်လက် ပရိဘောဂတွေနဲ့ မြန်မာဆန်ဆန် အပြင်အဆင်လေးတွေမို့ စိတ်ထဲမှာ နွေးထွေးမှု ရသွားတာ အမှန်ပဲ။ ဆိုင်ထဲရောက်တော့ ကိုးနှစ်လောက်ရှိမဲ့ ကလေးငယ်တစ်ယောက်က menu စာအုပ်တွေ လာပေးတယ်။ စားပွဲထိုးလေးက အတော်ငယ်မှန်း သတိထားမိပါတယ်။ ဒါပေမဲ့ ဆိုင်ရှင်သား လက်ဝင်စော့တာ ဖြစ်လိမ့်မယ်လို့တွေးပီး စိတ်သက်သာသွားတယ်။ Menu ပေးတာလောက်တော့ အပန်းမကြီးဘူးလေ။ ကလေးငယ်ကို ကျေးဇူးတင်စကားဆိုပြီး ဆိုင်ကိုလဲ ပထမဆုံး အကြိမ်ရောက်တာမို့ သူငယ်ချင်းတွေက ကောင်းတယ်ဆိုတဲ့ မြေအိုးခေါက်ဆွဲနဲ့ အချစ်လှေငယ် ဆိုတဲ့ ice-cream လေးကို မှာလိုက်တယ်။
စောင့်နေရင်း မတွေ့တာကြားပြီးဖြစ်တဲ့ သူငယ်ချင်းနဲ့ စကားဖောင်ဖွဲ့နေခဲ့တာ ခုနသူငယ်လေးက နောက်ထပ် သူ့အရွယ်ကလေးငယ် စားပွဲထိုးတစ်ယောက်နဲ့အတူ စားစရာတွေ ပြန်လာချတဲ့အခါတော့ ကျွန်မ စကားမဆက်နိုင်တော့ဘူး။ အရပ်တွေက စားပွဲထက် တစ်ပေလောက်သာ ပိုရှည်တာလေ။ ခေါက်ဆွဲပူပူကို မမှီမကန်း လာချပေးနေတဲ့ ကလေးငယ်ကို ဒီနေ့အထိ မျက်စိထဲက မထွက်ဘူး။ ဒီကလေးတွေ စားပွဲထိုးလုပ်နေကြတာ သေချာနေပြီလေ။ ကျွန်မတကယ်ကို စိတ်မကောင်းဖြစ်သွားတယ်။ သူငယ်ချင်းတွေတော့ စားစရာတွေရောက်လာပြီမို့ စားတော့တာပေါ့။
ပိုပြီး စိတ်မကောင်းဖြစ်သွားတာက သူတို့လေးတွေအတွက် ဘာမှမလုပ်ပေးနိုင်တဲ့ အနေအထားမှာမို့ပါ။ စွန့်အသလိုဖြစ်သွားတဲ့ ကျွန်မကို သူငယ်ချင်းတွေက စားပါ…။ အထူးအဆန်းကြီးမလုပ်နဲ့။ ကဲမနေနဲ့။ နင်အခုမှ ပြန်ရောက်လို့ပါ ဒီအရွယ်တွေကသာ ဆိုင်တိုင်းလိုလိုမှာ လုပ်နေတာတဲ့။ ရန်ကုန်မှာ စားသောက်ဆိုင်တွေ သွားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ငယ်တဲ့ စားပွဲထိုးတော့ မဟုတ်ဘူး။ လဖက်ရည်ဆိုင်တွေကလွဲရင်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျွန်မသတိထားမိတယ် မန္တလေး ဒန်ပေါက်ဆိုင်မှာ သွားဝယ်တော့လည်း သနပ်ခါး အဖွေးသား လိမ်းထားတဲ့ ကလေးငယ်တွေက တစ်ဆိုင်လုံးကို တာဝန်ယူ စီမံနေတာလေ....။
ကျွန်မစိတ်က သူတို့လေးတွေ စီစဉ်ပေးတဲ့ အစားအသောက်တွေကို မြိန်ရည်ရှက်ရည် စားနိုင်ဖို့ ဘယ်လိုမှ ခွင့်မပြုဘူး။ အဖြေမရနိုင်တဲ့ မေးခွန်းပေါင်းများစွာအတွက် စိတ်ပျက်စွာနဲ့ပဲ ဆက်မေးနေလိုက်တယ်။ ဒီလို ပညာသင်ချိန်တွေမှာ အရွယ်နဲ့မလိုက် အလုပ်ဝင်လုပ်နေရတဲ့ ကလေးငယ် ဘယ်လောက်များ အမိမြေမှာရှိလဲ? မင်းနဲ့ ငါတို့နဲ့ သွေးသားမတော်စပ် (မောင်နှမ/သားသမီးတွေ) မဟုတ်တာနဲ့ပဲ ပေါ့ပေါ့လေးတွေး ဘာမှမဖြစ်သလို ဟန်ဆောင်နေရမှာလား? ဆင်းရဲသားတွေကို ပျင်းလို့ ဆင်းရဲတယ်၊ အလွယ်လိုက်တယ်လို့ ပြီးစလွယ်တွေးပြီး မျက်နှာလွဲထားရမှာလား? ဒီကလေးတွေရဲ့ အနာဂတ်က ဘာတွေလဲ? အသက်ရှင်သန်ခြင်းရဲ့ အနှစ်သာရက ဘာတွေလဲ ?????? မေးခွန်းပေါင်းများစွာအတွက် အဖြေရှာရင်း မစားခဲ့တဲ့ အချစ်လှေငယ်လေးပေါ့။

အချစ်လှေငယ်
မြေအိုးခေါက်ဆွဲ
အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်။
ကိုလင်းထက်ရေ.. ပထမဆုံးတွေ ရေးပေးရမယ် ဆိုလို့ သွားကြည့်တာ ကိုလင်းထက်ရဲ့ပထမဆုံး အတော်များများကို ဒီနေ့ထိမလုပ်ဖူးတာတွေ များနေလို့ ဒီ post ရေးပေးလိုက်ပါတယ်.. ရေးပေးဖို့နောက်ကျသွားတာ ကိုတော့ နားလည်ပေးမယ်ထင်ပါတယ်.. အားလုံးလဲ AP လိုပထမဆုံးတော့ မကြုံရပါစေနဲ့နော်.. :D :P
Photo by Me(AP)

16 comments:
မစားခဲ့ရတဲ့ အချစ်လှေကလေးက အတော်လှတယ်နော်----
လှပတဲ့ အချစ်လှေကလေးကို လာချပေးခဲ့တဲ့
ကလေးငယ်လေးလိုမျိုး -----
ဘဝမလှတဲ့ ကလေးတွေကတော့ အမိမြေမှာ
ကြေကွဲဖွယ်ရာ သောင်းမက သိန်းဂဏန်းထိများ
ရှိလေမလား---
သူငယ်ချင်းတွေ့ကြုံခဲ့ရတဲ့ အဖြစ်မျိုး မသက်ဇင်လေ----
များစွာတွေ့ခဲ့ပါပြီ-----ရင်ထဲမှာ နာကျဉ်စွာ
ခံစားခဲ့ရတာ ကြာခဲ့ပါပြီကွယ်----
ခင်မင်လျက်
မသက်ဇင်
Sumla hpe yu ai hte Myitkyina kaw na Max Miwa lusha seng rai na zawn zawn ... Dai gaw hkristan seng re.
Shanhte shata mi tup galaw yang myen gumhpraw 8000/ kun lu ai. (Ya gaw n chye sai. 2007 shaloi.) US$ 6.5 ram ngu ga.
Dai hte hpaji sharin na hkum tsun, hpa mung n lu galaw ai ngu mai tsun ai.
Dai ni hta grau ai gaw ... shanglawt hpyendap hkan amu gun taw nga ai Jinghpaw ma hpyenla ni re. Myiprwi pyi hkrat ai. Ya aten madu hpa n lu galaw ya ai majaw ...
Shanhte a matu hkaja na grupyin, myi hpaw nna yu na matu lam gaw nsin chyip chyip re.
Ya aten hpa n lu galaw shi tim, nau nna ai aten hta dangdi ai made hta lai nna lu galaw ya na re ngu ...
Yesu tsun ai sumsing mungdan gaw ma ni a matu re nga tim, lamu ga hta gaw yak yak hkak hkak ...
တွေ့ဖူးသမျှ ပထမဆုံးလေး ကို ရေးပေးတဲ့ အတွက် ကျေးဇူးညီမလေးရေ..။
အဟဲ.. မစားရတဲ့ အချစ်လှေငယ်လေးကို တင်ပြထားပုံလေးကောင်းပါ့ဗျာ။ :)
စိတ်တော့မကောင်းဘူး မapရယ် ကို့နိုင်ငံကကလေးတွေအားလုံးက သနားစရာတွေပါ။
တင်ပြသွားတာလေးတွေ ကို ကျေးဇူးတင်တယ်။
မသက်ဇင်ပြောသလိုမျိုး သိန်းမက သောင်းမက ကလေးတွေက ခံစားနေရမယ် ရှိနေမယ်ဆိုတာ မှန်တာပေါ့။
နိုင်ငံရဲ့ အုပ်ချူပ်တဲ့လဲူရဲ့ ညံ့ဖျင်းမှုလို့ပဲ ပြောလိုက်ချင်တယ်။
ကျွန်တော်ဆိုလည်း ထပ်တူထပ်မျှခံစားရမှာပါပဲ။
ဆိုးဝါးတဲ့ ဘဝကြံကြမ္မာတွေ ခံစားနေကြရတဲ့ ကလေးတွေအတွက် အမြန်ဆုံး လွတ်မြောက်သွားကြပါစေလို့ ဆုတောင်းပါတယ်ဗျာ။
ကိုမရေ ကိုမပြောမှပဲ မြန်မာနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ကလေးလေးတွေများတာသတိထားမိတော့တယ်။ အလွန်းဝမ်းနည်းစရာ ကောင်းတယ်ဗျာ။ သူတို့ဘဝလေးတွေနဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့တွေကံကောင်းခဲ့ကြပါတယ်။
လာလည်ပါတယ်။
ဖတ်ပြီး ပြောချင်တာတွေကတော့ အများကြီးပဲ မApprenticeship ရယ်... ဒါပေမယ့်... တစ်ခွန်းပဲ ပြောနိုင်တော့တယ်... ရင်ထဲမှာ မကောင်းဘူး...
အခုလိုမျိုးကလေးငယ်တွေ ဒီလိုဘ၀ကလွတ်မြောက်ဖို့ ဆိုရင်။ ကျွန်တော့်အမြင်အရတော့်..။
၁။ သူတို့ကိုယ်တိုင်ကြိုးစားရမယ်
၂။ ကျွန်တော်တို့ကလည်း သူတို့ရဲ့ ကြိုးစားမှု တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခွင့်အလန်းတွေ ရရှိလာအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က နိုင်ငံအတွက် ကြိုးစားပေးရမယ်..။
ဒါဆိုရင်တော့ ကျွန်တော်တို့လုံလောက်မယ် ထင်တယ်...။ ဗုဒ္ဓဘာသာ အယူအဆအရ..။ ကံ၊ ကံ၏အကျိုးဆိုတာကိုတော့ မေ့ထားလို့ မရဘူးပေါ့ အစ်မရယ်...
အင်းအဲ့ဒီလိုမျိုးကလေးငယ်လေးမျိုးများစွာရှိနေပါတယ် ဗျာ ဒါပေမယ့်စိတ်မကောင်းစရာတစ်ခုက ကျွန်တော် တို့ဘာမှမတတ်နိုင်ပါဘူး မြင်ကြည့်ဝမ်းနည်းနေရုံမှအပ မျက်နှာလွှဲခဲ့ရပေါင်းများပါပြီဗျာ
ကျနော်တို့ ဆီမှာ ဒီလိုကလေးငယ်လေးတွေ အများကြီး ရှိကြပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့ လေးတွေ ပညာသင်ရမယ့် အချိန်၊ ကျောင်းသားဘ၀ စာအုပ်လေးတွေ၊ ခဲတံလေးတွေနဲ့  ပျော်ရွှင်နေရမယ့် အချိန်မှာ လုပ်ငန်းခွင်ထဲက အော်ဟစ်ဆူပူသံ တွေကြားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့  ယဉ်ပါးနေကြရတယ်။ ဘယ်သူကရော ဒီလိုဘ၀မျိုးမှာ နေချင်ကြပါ့မလဲ။ ဒါပေမယ့် သိတဲ့ အတိုင်း မိသားစု စားဝတ်နေရေး၊ ခေတ်ကာလ ကုန်ဈေးနှုန်း၊ နှစ်စဉ်ကြီးမြင့်လာနေတဲ့ ပညာရေးစရိတ်တွေ၊ ဒီဝဲဂရက်တွေထဲမှာ လှော်ခတ်ရင်း နစ်သွားရတဲ့ လှေငယ်လေးတွေပါ။ အရင်စစ်ရင် အမြစ်မြေက ဆိုသလို ဒုံရင်းကိုပဲ လက်ညှိုးထိုးမိ တော့မယ်။ ဒါပေမယ့် သိသိကြီးနဲ့  မသိချင်ယောင် ဆောင်နေတဲ့  အရေးကြီးတဲ့ တစ်ခုတော့ ပြောပြ ချင်တယ်။ ခေတ်မီဖွံ.ဖြိုးတိုးတက်တဲ့  နိုင်ငံတစ်ခု တည်ဆောက်ဖို့ ရာ ပညာတတ်တွေရဲ့ စွမ်းပကား အများကြီးလိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတကာမှာ မျိုးဆက်သစ်တွေကို ပညာတတ် ဖြစ်အောင် အစွမ်းကုန် ပြုစုပျိုးထောင်ပေးနေတာပေါ့။ အခုသူတို့ လေးတွေ ကြီးပြင်းလာကြရင် သူတို့ မှာရှိမယ့် အတွေးအခေါ်၊အယူအဆ၊ခံယူချက်နဲ့  ပညာသင် ယူခဲ့တဲ့  ကလေးတစ်ယောက်ရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက် နှိုင်းယှဉ်ကြည့်စမ်းပါ။ အပုံကြီး ကွာပါလိမ့်မယ်ဗျာ ၊ ဖောက်ထွက်နိုင်တဲ့  တချို.တလေ ရှိကောင်းရှိပါလိမ့်မယ်။ ရာခိုင်နှုန်းနဲ့  ယှဉ်ကြည့်ရင် အသိသာကြီးပါ။ နိုင်ငံသစ်ကို တည်ဆောက်ကြတဲ့ အခါမှာ သူတို့ လေးတွေလည်း နိုင်ငံသားတစ်ယောက် အနေနဲ့  တတ်နိုင်သမျှ ပါဝင် လုပ်အားပေးကြမှာပါ။ အဲဒီအခါကျရင် လုပ်အားကောင်းတဲ့  ပခုံး၊လက်မောင်း၊ ခြေထောက်တွေချည်းနဲ့ ပဲ တည်ဆောက်လို့ မရပါဘူး။ တွေးခေါ်စဉ်းစားနိုင်တဲ့  အယူအဆအသစ်တွေနဲ့  ထက်မြက်တက်ကြွတဲ့  ဦးနှောက်ကောင်းတွေ အများကြီး လိုအပ်တယ်ဆိုတဲ့ အချက်ကတော့ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ဒီအချက်ကို သတိတရနဲ့  ကျနော်တို့ ဆီက အခြေခံပညာရေးစနစ်မှာ တခုခုတော့ ဖြည့်ဆည်းပေးဖို့ လိုပြီလို့  ယူဆမိပါတယ်ဗျာ။
( ရင်ထဲက ပြည့်နေတာတွေ မထိန်းနိုင်လို့  ဖွင့်ချ လိုက်မိတယ်။ ကွန်မန့် ရှည်သွားတာ ခွင့်လွှတ်ပါဗျာ။ အတွေးအခေါ် အယူအဆ မတူရင် ဖျက်ပစ်နိုင်ပါတယ် )
ွှအဲဒီကလေးတွေကို မြင်ရတိုင်း ရင်ထဲမှာ မကောင်းလွန်းလို့ ..တစ်ခုခုလုပ်ပေးဖို့ စဉ်းစားမိတယ်..သူတို့ကို စာသင်ပေးဖို့ ပရောဂျက်တစ်ခုရေးဘူးတယ် ဒါပေမယ့် အခုကျောင်းလာတက်ရတော့ မလုပ်ဖြစ်သေးတာ...
အတူလုပ်မယ့် သူငယ်ချင်းနှစ်ယောက်လည်း အခု သူတို့ အလုပ်နဲ့ သူတို့ ရှူပ်ပြီး မလုပ်ဖြစ်ဘူးလေ..
သူတို့ကို အဆိုးသံသရာထဲက ဖောက်ထွက်နိုင်ဖို့ တတ်နိုင်တဲ့ ဘက်လေးက ကြိုးစားကြည့်ပေးချင်တယ်..
ဟုတ်တယ်အမရယ်... မြန်မာပြည်ပြန်တိုင်းတွေ့ရတယ်..
အထူးသဖြင့် လက်ဖက်ရည်ဆိုင် သွားထိုင်တိုင်း....စိတ်မကောင်းဘူး...ကိုယ်လဲမတတ်နိုင်ဘူး...
သူတို့ဟာ ကြယ်ပွင့်ကလေးတွေ
အနာဂတ်ကို ဖန်တီးပေးမယ့်
ခွန်အားလက်တွေ
သူတို့အတွက်
ကျွန်တော်တို့ဂရုဏာဝေမျှကြပါစို့။
Post a Comment