ပန်းချီကားလေးရဲ့ အဓိပ္ပါယ်ကို ၀င်ရောက်ရေးပေးသွားတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးနော်။
ဒီပုံလေးကို တင်ဖြစ်ဖို့ အကြံပေးတဲ့ သူငယ်ချင်းက မျှတမှုကို အရမ်းအလေးထားတဲ့သူရှင့်။ သူ့ကို ကျွန်မအတွေးတွေအဖြစ် ပိုစ့်တစ်ခု ပြန်ရေးပေးမယ်လို့ ကတိပေးထားတော့ ကျွန်မဘလောက်လေးကို လာလာစစ်ဆေးနေလေရဲ့။ ပြီးတော့ အချိန်ယူပြီးဖြေသွားတဲ့ သူငယ်ချင်းတွေအားလုံးနဲ့လဲ အတွေးဖလှယ်မယ်လို့ ကတိပြုခဲ့တဲ့အတိုင်း ဒီပိုစ်ပြန်ရေးလိုက်တာပါ။ ကျွန်မရဲ့ ပုံလေးအပေါ် ခံစားမှုက သူငယ်ချင်းတွေအားလုံးနဲ့ ဆင်တူပါပဲ။ ကွဲပြားပုံတွေတော့ နဲနဲပါးပါးရှိနေအုံးမှာပေါ့နော်…။ ကျွန်မအတွေးတွေ အရမ်းဝေးသွားရင်လဲ ပြန်ခေါ်ပေးကြပါ
ကျွန်မနဲ့ စကားလက်စုံကျဖြစ်တဲ့ သူငယ်ချင်းရဲ အဓိပ္ပါယ်ဖွင့်ဆိုချက်က သူငယ်ချင်းတွေနဲ့ အတော်တူပါတယ်။ ဒါပေမယ့် ထူးခြားချက်က နိဂုံးမှာ သူပြောသွားတဲ့ စကားပါ။ သူပြောတာက အပေါ်ပဲရောက်ရောက် အောက်မှာပဲနေနေ မိမိရှိနေတဲ့ နေရာမှာ အဆင်ပြေစွာနေတတ်ဖိုက အရေးကြီးတယ်တဲ့။ အဲဒီစကားလေးကို ကျွန်မအလွန်ကြိုက်မိတယ်။ ဟုတ်တယ်လေ ကျွန်မတို့ အားလုံး လက်ရှိမှာ ပျော်အောင်နေဖို့ထက် အတိတ်နဲ့ အနာဂတ်တွေကိုသာ ပျော်ရွှင်မှုအဖြစ် ထင်မျော်ကိုးတတ်ကြတယ် မဟုတ်လား။ တကယ်တော့ အတိတ်ကို ပြုပြင်ခွင့်မရတော့သလို အနာဂတ်ကိုလဲ မပိုင်ဘူးလေ။ အဲဒီတော့ လက်ရှိရောက်နေတဲ့နေရာ တစ်နေ့တာမှာ ရသင့်ရထိုက်တဲ့ ကျေနပ်ပျော်ရွှင်မှုကို ရလိုက်တယ် ဆိုရင်ပဲ အနာဂတ်က သေချာပီးသားမဟုတ်လား။
ကျွန်မဒီပုံကို ကြည့်လိုက်တယ်ဆိုရင်ပဲ ပထမဦးဆုံး သတိထားမိလိုက်တာက အောက်ကို ကုန်းပီးလှေခါးကို ကိုင်နေတဲ့လူကြီးနဲ့ ရုပ်တည်ကြီးရပ်နေတဲ့ လူကြီး ရှင့်။ ငုတ်နေတဲ့ လူကြီးက သူတက်လာတဲ့လှေခါးကနေ တိမ်တွေဆီ ဆက်လှမ်းဖို့ ပြင်လိုက်တယ် ဆိုရင်ပဲ စိုးရိမ်းစိတ်နဲ့ ဆက်လျှောက်ဖို့ လုံလောက်တဲ့ သတ္တိနဲ့ ယုံကြည်မှုတွေ ပျောက်နေတယ်လို့ ခံစားမိတယ်။ အဲ့ဒီတော့ သူ့ခြေလှမ်းတွေ ယိုင်နွဲ့မသွားအောင် လှေကားကို အားပြုကိုင်ထားနေရလားလို့ပါ။ တစ်နည်းအားဖြင့် တွေဝေနေတယ်လို့ခံစားရတယ်။ အဲဒီလိုကြည့်ရင်းနဲ့ပဲ တိမ်တွေကို အမှီပြုရင် ထောင်ထားတဲ့ လှေကားအပေါ် တက်ဖြစ်ဖို့ ကျွန်မသာဆို ယုံကြည်မှုရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လှေကားကြီးအခြေခိုင်ခိုင်မှီနိုင်မဲ့ နံရံက တိမ်ဖြစ်နေလို့။ တိမ်ဆိုတာ အစဉ်ရွှေ့လျှားနေတာမဟုတ်လား
အနောက်မှာ ရှိနေတဲ့ နှစ်ယောက်တော့ မသေချာဘူး တကယ်ပဲပျော်နေကြတာလား ဒါမှမဟုတ် ခြေလှမ်းတွေယိုင်နွဲ့နေတာလား ကျွန်မ သေသေချာချာသဲသဲကွဲကွဲနားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီတိမ်တိုက်ထဲရောက်သွားတယ် ဆိုရင်ပဲ သူတို့အားလုံး အပျော်ကြီးပျော်နေမယ်မှာပဲ ဆိုတဲ့ အတွေးတော့ ကျွန်မတကယ်ကို မခံစားရတာပါ။
ပုံကို ဆွဲခဲ့တဲ့သူက တိမ်ကို အောင်မြင်မှုအဖြစ်တင်စားထားတယ်လို့တော့ ကျွန်မထင်မိတယ်။ အောင်မြင်မှုဆိုတာ တိမ်တွေလိုပဲ နေ့မြင်ညပျောက်မဟုတ်လား? ထူးဆန်းပီးတူညီနေတာတစ်ခုက လူတွေအားလုံး တခဏတာဖြစ်ဖြစ် အောင်မြင်ခြင်းရဲ့ အသီးကို စွပ်ယူစားသုံးချင်ကြတယ်။ မည့်ဝင်းသောက်ပပီး အရည်ရွှမ်းတဲ့အသီးလို ဒါမှမဟုတ် အမှောင်ညတွေမှာ အလင်းပေးတတ်တဲ့ ကြယ်စင်လမင်းတွေလို လူတွေကို ညှိ့ယူဖမ်းစား တယ်ထင်ပါ့။ သွားတဲ့ လမ်းတွေတော့ ကွာတာပေါ့။ တစ်ချို့တွေက တရားနည်းလမ်းကျကျ တစ်ချို့တော့လဲ ဖြတ်လမ်းပေါ့။ ဘယ်လိုပဲသွားသွား ရောက်သွားသူတိုင်းမှာ ပျော်ရွှင်မှုနဲ့အတူ နှောင်တအနည်းနဲ့ အများတော့ ရှိတတ်ကြတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို ရောက်အောင်သွားချင်နေကြတယ် မဟုတ်လား အဲဒီတော့ အောက်မှာရှိနေတဲ့ လူတွေအားလုံးကိုတော့ အောင်မြင်မှုကို ရရှိဖို့အားထုတ်နေသူများ အဖြစ်မြင်မိတာ သူငယ်ချင်းတွေအားလုံးနဲ့တူမယ်ထင်တယ်။
ဒါပေမယ့် ငြိမ်ငြိမ်လေး ရပ်နေတဲ့တစ်ယောက်ကို ကျွန်မမြင်ပုံက နဲနဲကွာတယ်။ ဖားကြီးနဲ့တော့ တူနေမလား မသိဘူး။ အဲဒီလူက သူ့ခြေလှမ်းတိုင်းကို ဂရုစိုက်တတ်ပီး သူလုပ်တဲ့ လုပ်ငန်းတွေအတွက် တာဝန်ယူရဲတဲ့ သူလို့ထင်မိတယ်။ ဒါမှမဟုတ် ခိုင်ခံ့မှုမရှိတဲ့ တိမ်တွေကို အမှီပြုရင်း တက်သွားတဲ လူတွေအတွက် စိုးရိမ်နေလားတော့မသိဘူး။ ဒီလူတွေအားလုံးမှာ သူ့ကို အလေးစားမိဆုံးပဲ။
ကဲကျွန်မအတွေးတွေ အရမ်းဝေးသွားရင် ပြန်ခေါ်ပေးကြ
P.S>>>>>သူငယ်ချင်းတွေအားလုံးလဲ အောင်မြင်မှု အသီးကို စွပ်ယူစားသုံးနိုင်ပြီး စစ်မှန်ပျော်ရွှင်မှုကိုလဲ ခံစားနိုင်သူများ ဖြစ်ကြပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။