နှစ်ပေါင်းများစွာ တခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ပြီးနောက် တပ်မတော်သည် အင်အားအကောင်းဆုံး လူမှု့အဖွဲ့အစည်း
တစ်ခုဖြစ်လာပြီး ပညာရေးမှာမူ အင်အားအနည်းဆုံး လူမှု့အဖွဲ့အစည်း တစ်ခုအဖြစ်ကျန်ရစ်ခဲ့ပါတော့သည်။
သို့ရာတွင် နောက်ကျကျန်ရစ်နေသော မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရန်အတွက် သမ္မတကြီးနှင့်
လက်ရှိအစိုးရက လိုအပ်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြင့်တင်
ဆောင်ရွက်လျှက်ရှိရာ တရားဥပဒေသစ်များ ပေါ်ပေါက်လာနိုင်ရေးအတွက် ဥပဒေပြုခြင်းနှင့် အတည်ပြုခြင်းများကိုလည်း
တိုးမြင့်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
သမ္မတကြီးနှင့် လက်ရှိအစိုးရက အဖွဲ့က ဥပဒေပေါင်း ၂၆ ခုကိုအတည်ပြုခဲ့ပြီး
နောက်ထပ် ဥပဒေတစ်ဒါဇင်ခန့်မျှမှာလည်း
ရှေ့နေချုပ်ရုံး၏ အတည်ပြုချက်ရယူရန် စောင့်ဆိုင်းနေသည်ဟု Jpson Szep က သူ၏ A
Poor Country in a Big Hurry ဆောင်းပါးတွင် တင်ပြထားပါသည်။ ထိုသို့စောင့်စားနေသော
ဥပဒေများတွင် မူကြိုပညာရေးဥပဒေနှင့် ကိုယ်ပိုင်တက္ကသိုလ် (ပညာရေး/မှတ်ပုံတင်) ဥပဒေမူကြမ်း
များလည်းပါရှိကြောင်း သိရပါသည်။ တင်ပြထားသော ကိုယ်ပိုင်တက္ကသိုလ် ဥပဒေမူကြမ်းကိုမူ
လွတ်တော်ကိုယ်စားလှယ်များ အချေအတင် ဆွေးနွေးမှုများနောက် ထိုဥပဒေ မူကြမ်းကို ပယ်ချခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။
မည်သို့ဆက်လက်ဆောင်ရွက် ရမည်ကိုမူ
ညွှန်ကြားချက်များ မရှိသေးကြောင်း လည်းသိရပါသည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၂ရက်၊ ၂၀၁၁ တွင်မူ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို
ပြဋ္ဌာန်းနိုင်ခဲ့သည်။ သို့ရာတွင် ထိုဥပဒေသည် နိုင်ငံသားများ၏ အကျိုးထက် စီးပွားရေးလုပ်ငင်းရှင်းများအတွက်
ကာကွယ်ပေးသော ဥပဒေတစ်ရပ်သာ ဖြစ်ပြီး တိကျရှင်းလင်းသော လမ်းညွှန်မှုများ မရှိသောဥပဒေတစ်ရပ်အဖြစ်သာ
ကျန်ရှိနေသောကြောင့် အနာဂါတ်ခေါင်းဆောင်များအတွက် ၀န်ထုပ်ဝန်ပိုးအဖြစ် ကျန်ရစ်နေတော့မည်
ဖြစ်ပါသည်။
ကိုယ်ပိုင်တက္ကသိုလ်ဥပဒေကို ပယ်ချခဲ့သည်အတွက် ထိုဥပဒေကို ချမှတ်စေချင်သူများနှင့်
စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ စိတ်ပျက်ဖွယ်ရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်း။ သို့ရာတွင်
မြန်မာနိုင်ငံသားများအတွက် မှာမူသတင်းကောင်းဖြစ်ခဲ့သည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဥပဒေသည်လည်း စီးပွားရေးလုပ်ငန်းရှင်များအတွက် ကာကွယ်ပေးသော
ဥပဒေသာဖြစ်ပြီး ပညာရေးဥပဒေတွင် ပါဝင်သင့်သော အချက်အလက်များစွာ ချန်လပ်နေခဲ့ပြီး ဗဟိုပြုပညာရေးစနစ်ကိုသာ
အားပေးထားသောကြောင့်ဖြစ်သည်။
ထို့အပြင် ပညာရေးဥပဒေအတွက် ထိုမျှများပြားသော ခေါင်းစဉ်ခွဲများဖြင့်
ဥပဒေချမှတ်ရန်လည်း မလိုသောအပ်သောကြောင့်ဖြစ်သည်။ ပညာရေးဥပဒေ မူတစ်ခုတွင် မူကြိုမှတက္ကသိုလ်အပြင်၊
အလုပ်ခွင်ဝင်ပြီးသူများ၏ အချိန်တိုသင်တန်းများ၊ နိုင်ငံတကာပညာရေး၊ မသန်စွမ်းသူများနှင့်
သက်ကြီးရွယ်အို ပညာရေးအထိ ပညာရေးနှင့် ပတ်သက်သည်များ အားလုံးပါဝင်သော ပညာရေးဥပဒေတစ်ရပ်ကို
ပြဋ္ဌာန်းချမှတ်ထားရန်သာ အရေးတကြီးလိုအပ်ပါသည်။ အမေရိကန်ကဲ့သို့ ပညာရေးဖြင့် ဦးဆောင်နေသော
နိုင်ငံတွင်ပင်လျှင် ၂၉ မျက်နှာရှိသော ပညာရေးဥပဒေကိုသာ မဏ္ဍိုင်ထားပြီး ယခုကဲ့သို့
ကျယ်ပြန့်၊ ထိရောက်၊ခေတ်မှီသော ပညာရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ပါသည်။
သူတို့နိုင်ငံ ပညာရေးဥပဒေ၏ ထူးခြားမှုမှာ ပညာရေးတွင်ပါဝင်ချင်သော အဖွဲ့အစည်းများအားလုံးကို
လက်ကမ်းကြိုဆိုပြီး ပညာရေးလွတ်လပ်ခွင့်များ အပြည့်အ၀ပေးထားခြင်းပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော်
ဒီမိုကရေစီအစိုးရတွင် ဥပဒေထားခြင်းသည် နိုင်ငံသားတိုင်းအတွက် လွတ်လပ်ပြီး တရားမျှတသော
တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားရန်သာဖြစ်သည်။ ဥပဒေသည်သာလျှင် အားလုံး၏ အထွတ်အထိပ်ဖြစ်ကြောင်းကို
ဖော်ဆောင်ရန်နှင့် နိုင်ငံသားတိုင်းတွက် ဥပဒေသည် တရားစီရင်ရန်အတွက် သာမဟုတ်ပဲ ကာကွယ်ပေးသော
ဥပဒေများဖြစ်ရန် အရေးကြီးလှပါသည်။ နိုင်ငံသားတိုင်း ဥပဒေဘောင်တွင်း လွတ်လပ်စွာ လှုပ်ရှား၊
လုပ်ကိုင်နိုင်ခွင့်ရှိပြီး အစိုးရမှာလည်း တရားဥပဒေကို လေးစားလိုက်နာကာ အုပ်ချုပ်ရန်အရေးပါလှပါသည်။
ဥပဒေသည် ကျွနုပ်တို့နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆောင်ရွက်ချက်များအတွက်
လွယ်ကူမှုရှိစေရန် စည်းမျဉ်း၊စည်းကမ်းများ အဖြစ် ကြားခံ ဆောင်ရွက်ပေးနေသော ကြားခံအရာသာဖြစ်ကြောင်းကို
နိုင်ငံသားတိုင်း သိရှိလက်ခံထားရန် အလွန်အရေးပါလှပါသည်။ တစ်နည်းအားဖြင့်ဆိုသော်
ဥပဒေသည် အစိုးရနှင့်ပြည်သူများအကြား အပြန်အလှန် စစ်ဆေးနိုင်ရန်အတွက် သတ်မှတ်ထားသော
စံနှုန်းများသာ ဖြစ်ပါသည်။
ပညာရေးသည်သာလျှင် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို မျော်ကြည့်ချမှတ်နိုင်သော
လူမှု့အဖွဲ့အစည်းဖြစ်ပြီး၊ ပညာရေးအခြေခံမပါပဲ အခြားလူမှု့အဖွဲ့အစည်းများကို တည်ဆောက်နေခြင်းသည်
အလွန်ပင် အန္တရယ်များပြီး မျော်လင့်ချက်မဲ့သော ပြောင်းလဲမှုမျိုးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ပညာရေးသည် အမျိုးသားစည်းလုံး ညီညွတ်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
မဏ္ဍိုင်ဖြစ်သည့်အလျှောက်
မည်သည့်ပြောင်းလဲမှုကိုမျှ မပြုလုပ်မှီ ပညားရေးကဏ္ဍအတွက် ဥပဒေများကိုအလျှင် ပြုပြင်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးကြီးလှပါသည်။
အချင်းချင်း ယုံကြည်မှုများ ကင်းမဲ့ပျောက်ဆုံးနေသော နိုင်ငံသားများနှင့်
ခေါင်းဆောင်အကြား ယုံကြည်မှု တည်ဆောက်ရေး ပေါ်လစီပြောင်းလဲမှုများနှင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး
အပြောင်းအလဲများကို နိုင်ငံသားတိုင်း နားလည်သဘောပေါက် ထားသင့်သည်ဟု စာရေးသူအနေဖြင့်
ယုံကြည်ပါသည်။ ထိုသို့လက်ခံယုံကြည်လာရန်
နိုင်ငံသားတိုင်းတွင် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး အခြေခံများ ရှိထားသင့်သည်။ ထို့ကြောင့်
ထိုအခြေခံအားဖြင့် တူညီသည့် ဗဟုသုတ၊
ခံစားမှု၊ နားလည်နိုင်မှုနှင့် လက်ခံနိုင်မှုများ ရှိရန်အတွက် လိုအပ်သော ပညာပေးမှုများကို
ဆောင်ရွက်နိုင်ရန်မှာ အလွန်အရေးကြီးလှပါသည်။ ထို့အပြင် ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သော လုပ်သားကောင်းများ
မွေးထုပ်ပေးသော ကဏ္ဍလည်းဖြစ်ပါသည်။ မြန်မာလုပ်သားများသည် နိုင်ငံတကာ စီးပွားရေးနှင့်အခြား
ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ပြောင်းလဲလာသော အလုပ်ခွင်များအတွက် လိုအပ်သော အတတ်ပညာနှင့်
အသိပညာပိုင်းဆိုင်ရာများတွင် များစွာနောက်ကျ ကျန်ရစ်ခဲ့ပြီးဖြစ်ပါသည်။ ထိုပျောက်ဆုံးမှုသည်ပင်လျှင်
မြန်မာ့ပြောင်းလဲရေးအတွက် နောင့်နှေးစေသော အဟန့်အတားဖြစ်နေ ပါတော့သည်။
ထို့ကြောင့် ပျောက်ကွယ်နေသော ပညာရေးလွတ်လပ်ခွင့်နှင့် နိုင်ငံပြောင်းလဲရေးအတွက်
လိုအပ်လျှက်ရှိသော လူ့အရင်းအမြစ်များကို လျှင်မြန်စွာ မွေးထုတ်ပေးနိုင်ရေးအတွက်
ပညာရေးလူမှု့အဖွဲ့က နည်းမျိုးစုံသော ချဉ်းကပ်မှုမျိုးဖြင့် ပညာရေးကို တိုးမြင့်နိုင်ရေးအတွက်
ဥပဒေများ ပြဋ္ဌာန်းပေးရန်မှာ အလွန်အရေးကြီးလှပါသည်။ ကျွနုပ်တို့နိုင်ငံသည် ယဉ်ကျေးမှုမတူသော
ညီနှောင်များဖြင့်ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတော် ဗဟိုပြုပညာရေး
(Federal Control) ကို ကျင့်သုံးသည်ထက် ပြည်နယ်နှင့်တိုင်းဒေသ (State and Division
Control) များ၏ လိုအပ်ချက်များ အပေါ်မူတည်ကာ ပြဋ္ဌာန်းထားသော ပညာရေးစနစ်ကို ကျင့်သုံးနိုင်ရေးသည်လည်း
အလွန်အရေးပါလှပါသည်။
ပြည်ထောင်စုလွတ်တော်သည် ပြည်နယ်နှင့်တိုင်းများအတွက် လိုအပ်သော ပညာရေး
အထောက်အကူပြု ဘတ်ဂျက်ချမှတ်ရေးနှင့် လည်းကောင်းဘတ်ဂျက် အသုံးပြုမှုကို စောင့်ကြည့်ပေးခြင်း
(monitoring budget) ၊ ပညာရေး အချက်အလက်များကို ကောက်ယူကာ တစ်နိုင်ငံလုံးအတိုင်အတာဖြင့်
ချမှတ်ထားသော ပညာရေးပန်းတိုင်သို့ရောက်ရှိနိုင်ရန် ကူညီရေး၊ ပြည်နယ်နှင့်တိုင်းများ၏
ပညာရေးလုပ်ဆောင်မှုများကို တစ်ပြည်လုံးအတိုင်းအတာ သိရှိနိုင်ရန် သတင်းဖြန့်ဝေခြင်းနှင့်
လည်းကောင်းတို့ကြုံတွေ့ နေရသော ပညာရေးမူဝါဒများကို နားလည်စေရန် မိန့်ခွန်းပြောကြားခြင်း၊
ပညာရေး အစီရင်ခံစားများ ဖြန့်ဝေထုတ်ပြန်ပေးခြင်းနှင့် လူသားတိုင်း (ကလေးတိုင်း)
ပညာသင်ခွင့်တန်းတူ အခွင့်အရေးရရှိရေးနှင့်
ပညာရေး အရေအသွေးမြင့်မားရေးအတွက် လိုအပ်သော ထောက်ပံ့မှုများကိုသာ ပေးသင့်သည်။
တနည်းအားဖြင့်ဆိုသော် ပြည်နယ်နှင့်တိုင်းများမှ မူဝါဒများနှင့်ပညာရေးအဆင့်အတန်းများ
(accreditation)ကို တာဝန်ယူနိုင်သော လူမှု့အဖွဲ့အစည်းများ ပြည်နယ်နှင့်တိုင်းများတွင်
ပေါ်ပေါက်လာစေရန် အားပေးခြင်းနှင့် ထိုအဖွဲ့အစည်းများကို အားပေးကူအညီပေးခြင်းများတွင်သာ
ပါဝင်သင့်သည်။
ကျောင်းနှင့် တက္ကသိုလ်များဖွင့်လစ်ခြင်း၊ ပညာရေး သင်ခန်းစာများ ပြဋ္ဌာန်းခြင်း၊
ကျောင်းအပ်နံရေးနှင့် ဘွဲ့အပ်နှင်းခြင်း၊ ပြည်နယ်နှင့်တိုင်းများတွက် ပညာရေး အဆင့်အတန်းများသတ်မှတ်ပေးခြင်းနှင့်
ပညာရေးစနစ်သစ်များကို စမ်းသပ်ခြင်း၊ ပညာရေး အရေအသွေးအဆင့်အတန်းကို ဆုံးဖြတ်ဆောင်ရွက်ခြင်းများနှင့်
ပညာရေးစီမံချက်များကိုမူ ပြည်နယ်နှင့်တိုင်းများတွင်
အခွင့်အာဏာအပြည့်ရှိသင့်သည်။
သို့မှသာ မြန်မာပညာရေးသည် တိုတောင်းသော အချိန်ကာလအတွင်း စီးပွားရေးအတွက်
လိုအပ်နေသော လုပ်သားကောင်းများနှင့် နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်မည့်
ပညာရေးလူမှုအဖွဲ့အစည်း (Educational Institution) များပေါ်ပေါက်လာနိုင်မည်ဖြစ်ပါသည်။
သို့ရာတွင် အထက်တွင် တင်ပြထားသော ဖွဲ့စည်းပုံကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော
ပညာရေး ဥပဒေပေါ်ပေါက်ရေးသည် အဓိကမဏ္ဍိုင်ပင် ဖြစ်ပါတော့သည်။
ပန်းပျိုးလက်
စက်တင်လာလ ၄ရက်၊ ၂၀၁၂
ပန်းပျိုးလက်သည် ပညာရေးဘီအေဘွဲ့ကို
အမေရိကန်နိုင်ငံမှ ရရှိခဲ့ပြီး နိုင်ငံတကာပညာရေး မဟာဘွဲ့အတွက် စာတမ်းပြုစုနေပြီး
မြန်မာ့ပညာရေး ပြောင်းလဲမှုကို အစဉ်တစိုက် လေ့လာနေသူ ဖြစ်ပါသည်။