Apprenticeship

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ပြည်ထောင်စုရဲ့ အဓိပ္ပါယ်

ပြည်ထောင်စုနေ့ ရောက်တိုင်း ကျွန်မကိုယ်တိုင် ပြည်ထောင်စု ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖူးတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားလေးတစ်ခုကို ပြန်သတိရ မိတယ်။ နိုင်ငံတော်က ပြည်နယ်နဲ့တိုင်း အသီးသီးမှ ကိုယ်စားလှယ်တော်များကို ဖိတ်ခေါ်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်ဖို့ အစီအစဉ်တွေ နဲ့စည်ကား သိုက်မြိုက်စွာ ကျင်းပလာတဲ့ အစဉ်အလာဟာ ဒီနေ့ အထိပါပဲ။ တကယ်လဲ အလေးထား လုပ်သင့်တဲ့ ရက်မြတ်လေးတစ်ခုပါ။

ဒီလို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တော်တွေက ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရတဲ့ အပြင် တစ်ခြား လေ့လာရေး ခရီးစဉ်တွေလဲ အများကြီး စီစဉ်ပေးပါတယ်။ ခရီးစဉ် အများကြီးနဲ့ ရက်တိုတိုလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိတဲ့ နေရာတော်တော် နှံ့အောင်လိုက်ကြည့်ခွင့်ရတယ်။ မနက် ၃ နာရီလောက် ထရတဲ့ ရက်တွေလဲ ရှိတယ်ဗျာ..။ အမောခံလိုက်တာ အကျိုးရှိပါတယ်။ ကိုယ့်ဟာကိုယ်ဆို သွားဖြစ်မဲ့ နေရာတွေ မဟုတ်လို့ပေါ့။ အဲဒီ အစီအစဉ်တွေ အားလုံးထဲက သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ ညစာစားပွဲကိုတော့ ကျွန်မ အနှစ်သက်ဆုံးပါ။ ညစာ စားပွဲ အပြီးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ တီးမှုတ်ကခုန်မှုတွေကို နိုင်ငံတော်လူကြီးမင်းတွေနဲ့ တိုင်းရင်းသားအားလုံးရဲ့ ကြည့်ရှု အားပေးရင်း ထွက်လာတဲ့ သြဘာပေးတဲ့ လက်ခုပ်သံတွေက ကျွန်မရင်ကို မဖော်ပြနိုင်အောင် ကြည်နူး ပီတိ ဝေစေခဲ့တာ ကြက်သီးဖြာ မိတဲ့အထိပါပဲ။

တိုင်းရင်းသားအားလုံးက (ဗမာ အပါအ၀င်) အခမ်းအနား အစီအစဉ်အတိုင်း သူတို့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုအကကို ဂုဏ်ယူစွာ ဖေါ်ထုတ်ကပြသွားကြတဲ့ စည်းချက်ကခုန်မှုတွေကို အခုပြန်ရေးရင်းတောင် အတိုင်းသား ပြန်မြင်ယောင်လာတယ်။ ဒီကပွဲတွေရဲ့ ထူးခြားမှုက တစ်ဖက်နဲ့ တစ်ဖက်ယှဉ်ပြိုင်မှုမပါဘူး။ ဒါပေမယ့် မတူညီတဲ့ ယဉ်ကျေးမှု သီဆိုတီးမှုတ် ကခုန်မှု တွေကို အသိအမှတ်ပြု၊ လေးစားတဲ့ ညနေခင်းလေးတစ်ခုပါ။ တစ်ကယ်တော့ ကိုယ့်ယဉ်ကျေးမှုသာ အားလုံးထက်သာတယ်၊ ကောင်းတယ် ဆိုတဲ့ အတွေးအခေါ်ကို သင်ပုန်းခြေပြီး ယဉ်ကျေးမှုတိုင်းဟာ လှပတယ်၊ ချစ်စရာကောင်းတယ် ဆိုတဲ့ အရိုးခံစိတ်တွေနဲ့ တီးခတ်ကခုန်နေကြတာ ပြည်ထောင်စု ဆိုတဲ့ အနက်ကို ဖေါ်ထုတ်နေခြင်းပေါ့။ မင်္ဂလာရှိတဲ့ ညချမ်းကို အိမ်ဖြူတော်မှာ နားခိုနေတဲ့ သြဥငှက်တွေနဲ့ အခြားငှက်ကလေးတွေလဲ သီဆိုသြဘာပေးခဲ့ကြ။ ကောင်းကင်သားတွေ သီချင်းဆိုတဲ့ ညချမ်းလေးပါပဲ။

ဒီလိုအနစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုနေ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တစ်ရက်ပဲ ဆင်နွဲပြီး ကျန်တဲ့ ရက်တွေမှာတော့ မေ့ထားရမှာလား? ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ဘာလဲ? ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အနှစ်က ဘာလဲ? ဘာအတွက် ကျွန်မတို့ တစ်ညီတစ်ညွတ် သဘောတူခဲ့ ကြလဲ? အဲဒီလို သဘော တူညီမှုတွေ ကျွန်မတို့ ခေတ်မှာ မရှိနိုင်တော့ ဘူးလား? ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ကတိပြုခဲ့တဲ့ ပင်လုံ စာချုပ်ရဲ့ အရင်းအမြစ်ဟာ ကျွန်မတို့ တိုင်းပြည်ကို လာရောက် အုပ်ချုပ်ခဲ့တဲ့ နယ်ချဲ့တွေရဲ့ လက်ကလွတ်မြှောက်ဖို့ အတူတကွ ပါဝင်တိုက်ပွဲဝင်ဖို့ သဘောတူညီမှုနဲ့ တိုင်းရင်းသားအချင်းချင်း လေးစားတန်ဖိုးထားတတ်ဖို့ ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခု ဆိုရင် မှားမယ်မထင်ဘူး။

British လက်အောက်က လွတ်မြှောက်ခဲ့တဲ့ ကျွန်မတို့ တကယ်လွတ်လပ်ခဲ့ပါသလား? ဒီမေးခွန်းလေးက ကျွန်မကို မသက်မသာဖြစ်စေတာတော့ အမှန်ပဲ။

ဒီလိုနဲ့ လွတ်လပ်မှုရဲ့ ဖွင့်ဆိုချက်တွေ ကို ကျွန်မစဉ်းစားမိသွားတယ်။ တစ်ဆက်ထဲမှာပဲ၂၁ ရာစုရဲ့ လွတ်လပ်မှုကို ကျွန်မတွေးမိတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး တင်းကျပ်လာတဲ့ နိုင်ငံတကာ ဥပဒေတွေကြောင့် စက်မှုနိုင်ငံတွေနဲ့ အရင်းရှင်နိုင်ငံတွေက သူတို့လိုချင်တာ ရဖို့ စစ်တိုက်ပြီး အရယူတဲ့ စနစ်ကို မသုံးတော့တာ ကမ္ဘာ့သမိုင်းကို ခြုံငုံကြည့်ရင် အထင်သားတွေ့နိုင်ပါတယ်။ ဒါဆို ၂၁ ရာစုမှာ စစ်ပွဲ မရှိတော့ဘူးလား မေးစရာရှိလာပါတယ်။

ဝမ်းနည်းစွာနဲ့ ကျွန်မဖြေရပါလိမ့်မယ်။ ကုန်ခမ်းလာတဲ့ ကမ္ဘာ့အရင်းအမြစ်တွေကြောင့် စစ်ပွဲတွေဟာ ပိုပြင်းထန်လာတယ်လို့ ဆိုရပါမယ်။ လက်နက်ကြီးတွေနဲ့ တိုက်ယူခြင်းတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် တိုးတိုးတိတ်တိတ် ညှင်ညှင်သာသာ ပါပဲ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ စွဲဆောင်အား အရမ်းကောင်းတဲ့ စီးပွားရေး လက်နက်ကြီးတွေ တပ်ဆင် အသုံးပြုလာတာ ဆင်းရဲတဲ့ နိုင်ငံတွေက မွဲသေသွားပြီး၊ ချမ်းသာပြီးသား နိုင်ငံတွေက ချမ်းသာသထက် ချမ်းသာမှုကို ရလာအောင်ပေး နိုင်တဲ့ စီးပွားရေး ယန္တရား လက်နက်ကြီးတွေ တပ်ဆင် ပစ်ခတ်လိုက်တာ အရင် လက်နက်ကြီးတွေနဲ့ တိုက်တဲ့ စစ်ပွဲတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းပါတယ်။

ဒီလို အင်းအားကြီးတဲ့ စီးပွားရေးလက်နက်တွေနဲ့ တိုက်နေချိန်မှာ ကျွန်မတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ်ကြီးတွေတပ်ပြီး အချင်းချင်း သတ်ကြ၊တိုက်ကြ၊ ခိုက်ကြနဲ့ အခုကျွန်မတို့ ဒီနေ့ဘယ် အခြေအနေဘယ်နေရာကို ရောက်ရှိနေပြီလဲ ? British တွေလာတော့ မြန်မာတွေက သူတို့ ဝေယာဝိစ္စ လုပ်ပေးဖို့ နယ်ချဲ့လက်အောက်မှာ မလုပ်ဘူးလို့ ငြင်းဆန်တဲ့အတွက် India က ကုလားတွေကို ခေါ်ယူ အသုံးပြုခဲ့ရတယ်ဆိုတာ ကျွန်မတို့ အားလုံးသိပြီး ဖြစ်ပါတယ်။ အခု ခေတ်မှာတော့ ကျွန်မတို့ မြန်မာတွေက တိုင်းတပါးမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို ငွေသိန်းပေါင်းများစွာ ပေးပြီး အောက်ခြေသိမ်း အလုပ်တွေ သွားလုပ်နေရတဲ့ (ကျွန်ခံ) မြန်မာတွေ ဖြစ်နေခဲ့ပါပြီ။

မြန်မာလို့ ပြောလိုက်တာနဲ့ ကူညီရမဲ့ နိုင်ငံသားလို့ ကမ္ဘာက မြင်နေပြီ။ ပိုက်ဆံတတ်နိုင်လို့ အလည်သွားဖို့တောင် မြန်မာ Passport ဆိုရင် visa ရဖို့ မျက်နှာ ငယ်ရတယ်။ သံရုံးတွေမှာ ဘာမှ မမေးခင် “မင်း မြန်မာပြည်ကို ပြန်လာမှာ မဟုတ်ဘူး” ဆိုတဲ့ စကားနဲ့ အစွပ်စွဲခံရတယ်။ တကယ်လဲ စီးပွားရေး အခြေအနေနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်မလာတဲ့ သူတွေက များနေတာကိုး။ ဘယ်မလဲ ကျွန်မတို့ ပြောတဲ့ ဂုဏ်? ဘယ်မှာလဲ ကျွန်မတို့ ပြောတဲ့ လွတ်လပ်ခွင့်? ငါတို့ နိုင်ငံက နေချင်စရာမကောင်းအောင်ကို ဖြစ်နေပြီးလား?

တကယ်တော့ ကျွန်မတို့ ပြောပြောနေတဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ မြန်မာပြည် ကောင်းစားရေးအတွက်ပါ။ ငါတို့ ခရီးတစ်ခု အတူတူ လျှောက်နေကြပြီး ဘာအတွက် အငြင်းပွား သတ်ဖြတ်နေတာလဲ ?

ကျွန်မတော့ အထက်က ပြောခဲ့တဲ့ အိမ်ဖြူတော် ညလေးနဲ့ တိုင်းရင်းသား အချင်းချင်း လေးစား၊နာလည်မှုတွေနဲ့ တီးမှုတ် ကခုန်နိုင်မယ့် ညလေးကိုလိုချင်မိတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ်။ ကျွန်မရင်မှာ ရှိတဲ့ ပြည်ထောင်စု အိမ်မက်လေးတစ်ခုပေါ့။

မြန်မာဆိုပြီး ကမ္ဘာမှာ မော်ကြွားနိုင်ဖို့ ငါတို့ အချင်းချင်း လေးစား ချစ်ခင်ရမယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေမှာ ရှိပါတယ်။ အဲဒီလို အရေးကြီးတဲ့ သမိုင်းကို ပြန်လည် တည်ဆောက်မယ့် ငါတို့ အရည်အချင်း ပြည့်မီရမဲ့အပြင် ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေ နေရာမှန်ဖြစ်နေဖို့ လဲ အရမ်း အရေးကြီးပါတယ်။ အဲဒီတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် ငါတို့လူငယ်တွေ အားလုံး အမည်နာမ၊ အဖွဲ့အစည်း အစွဲတွေထက် မြန်မာပြည်ကောင်းစားရေး၊ မြန်မာပြည်ကြီး တိုးတက်ဖို့ ငါတို့ အားလုံးပြောနေတဲ့ “ပြည်ထောင်စု စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်တွေကို” ပြန်လည်သုံးသပ်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။

အချင်းချင်းလေးစားမှုနဲ့ လူပီသတဲ့ လူ့ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေး နိုင်မယ့် သမိုင်းတစ်ခေတ်ရဲ့ သူရဲကောင်းများ ဖြစ်လာကြပါစေလို့လဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

မတူညီမှုတွေကို အမြဲလေးစား မြတ်နိုးလျှက်>>>>>> Apprenticeship

5 comments:

ayehnin February 11, 2010 9:56 PM  

ကြိုက်တယ်...

အနော် February 11, 2010 10:07 PM  

ပြည်ထောင်စုနေ့လေးကို လာရောက်ဂါရဝပြုပါတယ်
တစ်နေ့နေ့တော့ မျှော်လင့်တောင့်တနေတဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း ယုံကြည်မှုတွေ ချစ်ခင်ရင်းနှီးမှုတွေ ကူညီရိုင်းပင်းမှုတွေနဲ့ ကမ္ဘာမှာ မြန်မာတွေလို့ ခေါင်းမော်နိုင် ဂုဏ်ယူနိုင်မယ့် ပြည်ထောင်စုအိပ်မက်လေး အကောင်အထည်ပေါ်လာမှာပါ..

လသာည February 12, 2010 7:36 AM  

စာလာဖတ်တယ် AP ရေ.. အရင်အတိုင်းပဲ AP ရေးတဲ့ စာလေးတွေက အမြဲ ဖတ်ကောင်းနေတာပဲ..။ ပြည်ထောင်စုနေ့ကို အမှတ်ရပြီး အရင်က ပြည်ထောင်စုအလံကို တခမ်းတနား သယ်ဆောင် လှည့်လည်ကြတာတွေကို သတိရမိတယ်..
အမှတ်တရ ပိုစ်လေးကို ကျေးဇူး..

thethtoo February 15, 2010 4:06 PM  
This comment has been removed by the author.
thethtoo February 15, 2010 4:10 PM  

ပည်ထောင်စု ရဲ့ ဖွင့်ဆိုချက်ကို ရေးသားပေးတဲ့အတွက် ကျေးဇူး ဒါနဲ့ တလောက facebook က photo comment တခုမှာ burma and Myanmar ကိုငြင်းကြတာတွေ့တယ် ။ နောက်ပြီး comment တခုမှာကတော့ နိုင်ငံတော်အလံကို မနှိုင်းကောင်းစရာ (ထမီ)နဲ့တောင် ခိုင်းနှိုင်းတားလေရဲ့။
ကျနော့်အမြင်ကတော့ I came from Union of Myanmar ဆိုတာက Burma ဆိုတာထက် ပိုပြီး တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်ထင်တယ်ဗျ။ ဗမာ ဆိုတာ တိုင်းရင်းသားတခုပဲဖြစ်ပြီး မြန်မာကတော့ အားလုံးကို ကိုယ်စားပြုတယ်လို့မှတ်သားဖူးပါတယ်။
အလံတော်ဆိုတာ ရှေးက စစ်ပွဲတွေမှာ အနိုင် အရှုံး အဆုံးအဖြတ်ပါ ။နောက်ပြီး ဒီလို လွတ်လပ်တဲ့ နိုင်ငံတော် အလံ တခု ဖြစ်တည်ဖို့အတွက် ရင်းနှီးခဲ့ရတဲ့ မြောက်မြားလှစွာသော တိုင်းရင်းသားတွေရဲ့အသက် သွေး ချွေးတွေဗျာ ။ အသိအမှတ် မပြုရင်တောင်မှဗျာ။

ဆောရီး AP ရေ post ဖတ်ရင်းနဲ့ တွေးမိတာလေးတွေ ချရေးလိုက်တယ်

PS post ရဲ့ မြန်မာဆိုရင် ကမ္ဘာမှာ မြင်တဲ့ အမြင်တွေ ကို ကျနော်တို့ change we can လုပ်ကြရအောင်
တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်း နားလည်၊ယုံကြည်မှုတွေနဲ့ လေးစားဂုဏ်ယူစွာ ကမဲ့နေ့လေးနဲ့ မြန်မာမျိုးဟေ့လို့ ကမ္ဘာမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်မယ့် နေ့လေးကို တကယ်လိုချင်မိတယ် AP ပြောသလို မျှော်လင့်လျှက်...

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Blog Archive

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)